ဆရာတော် လောင်းလျာသည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ရေကန်ရွာ ခမည်းတော် ဦးဖိုးကဲ မယ်တော် ဒေါ်ပျော့တို့မှ ၁၂၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် သောကြာနေ့ ဖွားမြင်တော်မူခဲ့သည်၊ ဆရာတော်ကြီးမှာ ရတနာပုံ မန္တလေးနေပြည်တော် မင်းတုန်းမင်းတရားကြီး လက်ထက် ဒုတိယမောင်းထောင် သာသနာပိုင် ဆရာတော်ကြီး အရှင်ဥေယျ၏ မြေးတော်ဖြစ်၍ မယ်တော်ကြီးမှာ သီပေါမင်းလက်ထက် သံတော်ဆင့် သွေးသောက်ကြီ်း ဦးဆိုင်၏ တူမဖြစ်သည်၊

ဆရာတော်၏ မွေးချင်းများမှာ ဒေါ်အေးခန့် ဒေါ်အေးကြင်နှင့် ဦးဋ္ဌေးလှိုင်တို့ ဖြစ်ကြသည်၊ မောင်းထောင်ရွာ ယွန်းဆက်ကျောင်းတိုက်တွင် ဦးလေးတော် ဦးရာဇိန္ဒထံ ပရိယတ္တိ စာပေများ သင်ယူ၍ ၁၃၀၁ ခုနှစ် ပြာသိုလ်လဆန်း (၁၂ )ရက်နေ့တွင် သုဓမ္မာဂိုဏ်းထောက် တောရဆရာတော်ကြီး ဦးဇနိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။  မောင်းထောင်ယွန်းဆက် စာသင်တိုက် ပရိယတ္တိ ၂၇ နှစ် အမရပူရ တူးမောင်းတိုက် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မင်္ဂလာတိုက် စစ်ကိုင်းတောင် လေးကျွန်းချမ်းသာချောင် ပဋ္ဌာန်းနည်းပြ တိုက်တို့၌ ၀ိနည်းနှင့် အဘိဓမ္မာတို့ကို ဦးစားပေးသင်ယူ၍ ပထမကြီးတန်းသို့ရောက်လျင် စာမေးပွဲဆက်၍ မဖြေတော့ဘဲ ပခုက္ကူ မဟာဝိသုတာရာမတိုက်၌ နိကာယ်ပါဠိတော်ာကြီးများကို ကျမ်းပေါက်သင်ရိုးကုန် သင်ယူတော်မူခဲ့သည်၊

 

 

ပခုက္ကူမြို့၌ နေစဉ်နေ့အခါ စာလိုက်၍ ညအခါ ပခုက္ကူမြို့ မဟာစည်ရိပ်သာ၌ ညပိုင်းယောဂီအဖြစ် ညတိုင်းတရားဘာဝနာရှုပွား၍ ပရိယတ်နှင့် ပဋိပတ်တွဲဖက် အားထုတ်တော်မူခဲ့သည်၊ ထို့နောက် ယွန်းဆက်တိုက်၌ ၄၀ ခန့်ရှိသော စာသင်သားများအား မူလဓမ္မာစရိယ စာချဆရာတော် အဖြစ်ဖြင့်လည်းကောင်း ကျောင်းထိုင်ဆရာတော် အဖြစ်ဖြင့်လည်းကောင်း ပရိယတ္တိ ၂၇ နှစ်တိုင်တိုင် သာသနာ ပြုတော်မူခဲ့ရာ ယွန်းဆက်ကျောင်းတိုက်ကြီးမှ အမေရိကန်သာသနာပြု ဆရာတော် ၂ ပါးပင် ထွန်းပေါ်ခဲ့သည်၊


မိုးညှင်းဆရာတော်ဘုရားကြီး၏ ဩ၀ါဒတွန်းအား


ဆရာတော်သည် ငယ်စဉ်ကပင် ရောက်လေရာမြို့ရွာတို့၌ သက်တော်ရှည် သံဃာကြီးများထံ ချဉ်းကပ်၍ ဩ၀ါဒ အဆုံးအမများ နာခံမှတ်သားလေ့ရှိ၏ တခါက မိုးညှင်း သမ္ဗုဒ္ဓေ ဆရာတော်ဘုရားကြီးထံရောက်လျင် ဆရာတော်ဘုရားကြီး၏ ဩ၀ါဒစကားများမှာ ပရိသတ်နှင့် ဆက်ဆံ၍ ပရိယတ္တိချည်း အလုပ် လုပ်နေရသည်ကို ငြီးငွေ့တော်မူသော ဆရာတော်အတွက် အလွန်ထိရောက်သော တွန်းအားကြီးဖြစ်သွားခဲ့၏

မောင်းထောင်ဘုန်းကြီးတောထွက်ဖြစ်အောင် တောထွက် အချိန်ဆွဲမနေနဲ့ တပည့်တော် စာချဘုန်းကြီးဘ၀က တောထွက်မယ် တောထွက်မယ် ကြံရွယ်ပြီး သင်တုန်းဓား အပ် အပ်ချည် ရေစစ် ပရိက္ခရာအစုံပါတဲ့ သပိတ်တစ်လုံးကို သပိတ်အိတ်ထဲထည့်ပြီး ကျောင်းတိုင်မှာ အသင့်ချိတ်ဆွဲထားတာ သပိတ်အိတ်ကြိုး သံချေးစားလို့ ပြုတ်ကျတာ သပိတ်သုံးလုံးကုန်မှ တောထွက်ဖြစ်တယ် သူတော်ကောင်း အလုပ်ဆိုတာ အပြောလွယ်တယ် အလုပ်ခက်တယ် ဆန်းကျယ်တဲ့ အတားအဆီးတွေရှိတယ်. သမ္မပ္ပဓာန် ၀ီရိယနဲ့ နိက္ခမဓာတ် ပေါ်အောင် မနည်းကြိးစားယူမှဖြစ်တာ မောင်းထောင်ဘုန်းကြီး အချိန်မဆွဲနဲ့ မြန်မြန်တောထွက် ဖြစ်အောင် ထွက်နော်.

အင်ချောင်း ကန္နီ ဝေဘူ ဆရာတော်ကြီးများထံ နည်းခံ

 

 

၁၃၃၁ ခုနှစ် ၀ါဆိုဦးတွင် မောင်းထောင်ယွန်းဆက် စာသင်တိုက်ကြီးကို တပည့်ဖြစ်သူ သာသနာဓဇ သီရီပ၀ရ ဓမ္မာစရိယ မဟာဂန္ထ၀ါစက ပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ စာချဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရအား လွှဲပြောင်းအပ်နှံ၍ မောင်းထောင်တောင်ကုန်းရှစ်ရွာ ဂေါစရဂါမ်နယ်အတွင်း မြေဇင်းတောရသို့ ၀ါကပ်တော်မူခဲ့သည်၊ ၁၃၂၅ ခုနှစ်တွင် ကမ္မဋ္ဌာန်းကျမ်းပြု အင်းချောင်းဆရာတော်ထံ နည်းခံဝါကပ်၍ ၀ါကျွတ်လျှင် ကန္နီတောင်ပေါ်ရှိ ယောဂီပါရဂူ ကျမ်းပြု ရွှေသိမ်တော်တောရ ဆရာတော်ထံ နည်းခံသီတင်းသုံးသည။် ၁၃၃၄ ခု ၁၃၃၅ ခုနှစ်များတွင် ခင်ဦးမြို့ အင်ကြင်းပင် ကမ္မဋ္ဌာန်းတိုက် ရွှေဘို မဟာအောင်မြေရိပ်သာနှင့် ကျောက်ဆည် ဝေဘူချောင်တို့၌ လှည့်လည် သီတင်းသုံးတော်မူသော ဝေဘူဆရာတော်ဘုရားကြီးနှင့်အတူ သုံး ဌာနလုံး လိုက်ပါနေထိုင်၍ တရား အဆုံးအမ ခံယူတော်မူခဲ့သည်၊  ထို၌နေစဉ် ဝေဘူဆရာတော် ဘုရားကြီးက နံနက် နေ့ သီးခြားဆွမ်းကပ်လာသူများအား တစ်ဦးပြီးလျှင် တစ်ဦး မောင်းထောင်ဆရာတော် သွာကပ်ခြေကျ အုံးဟု အမိန့်ရှိသဖြင့် ဝေဘူဆရာတော် ဘုရားကြီးနည်းတူ ဆွမ်းတော်ပွဲ သုံးလေးဆယ်ကို ပွဲစေ့ ဘုန်းပေး ချီးမြှောက်ရသည။် မြေဇင်းတောရသို့ ပြန်တော့မည်ဖြစ်လျှင် တတိုက်လုံးရှိ သံဃာများနှင့် ယောဂီကို ကန်တော့စေ၍ ကိုယ်တော်စား ဩ၀ါဒ အပေးခိုင်းတော်မူသည်.ဝေဘူဆရာတော် ဘုရားကြီး တသက်တွင် ဤမျှ ချီးမြှောက်ခံရသည့်ုပုဂ္ဂိုလ်မရှိခဲ့စဖူးဟု ပြောစမှတ်ပြုကြလေသည်၊ ၁၉၉၃ ခှုနှစ်၊ ၁၃၅၄ ခုနှစ် နိုင်ငံတော် အစိုးရ၏ မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို အပ်အပ်စပ်စပ် ဆက်ကပ်လှူဒါန်းခြင်းခံယူတောရ်မူသည်။.