တရစပ် ဖြစ်ပျက် ပြောင်းလဲ နေသော ကမ္ဘာ့ဖြစ်စဉ်များတွင် လူသားသည် ယောင်ချာချာဖြင့် အေးငြိမ်းရာ အေးငြိမ်းကြောင်း နည်းလမ်းကောင်းကို ရှာကြံနေကြရ၏။ ဗုဒ္ဓမြတ်စွာ၏ သမထ၊ ၀ိပဿနာ ကျင့်စဉ်များမှာ ကမ္ဘာတစ်ဝှမ်း တဖြည်းဖြည်း ကျယ်ပြန့်လာနေ၏။ သမထ၊ ၀ိပဿနာ ကျင့်စဉ်များဖြင့် လက်တွေ့ငြိမ်းအေး ချမ်းသာမှုကို ခံစားနေကြရ၏။ ပြန့်ပွားအောင် ဆောင်ရွက်သူများမှာ ကျင့်ကြံ အားထုတ် လိုသူများနှင့် နှိုင်းစာလျှင် အလွန်နည်းပါး နေသည်ဟု မြင်မိ၏။

မိမိတို့သည် ဗုဒ္ဓမြတ်စွာ၏တရားတော်များကို နှစ်ပေါင်းများစွာ အားထုတ်သင်ယူခဲ့ကြ၏။ သင်ယူပြီးနောက်တွင်လည်း လက်တွေ့အားထုတ်ကျင့်ကြံအားထုတ်မှုများ  ပြုလုပ်ခဲ့ကြ၏။ မိမိတို့ရရှိခဲ့သော ပရိယတ်၊ ပဋိပတ်အတွေ့အကြုံများဖြင့် အပြည်ပြည်ဆိုင်ရာ သမထ၊ ၀ိပဿနာ ပြန့်ပွားရေးအတွက် တပိုင် တနိုင် ကူညီလို၏။ ဤရိုးရှင်းသော ဆန္ဒသည်ပင် အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းကို တည်ထောင်ဖြစ်လိုက်၏ အဓိကအကြောင်းတရားကြီး ဖြစ်ပေသည်။ 

၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၀-ရက်နေ့တွင် ကန္နီကမ္မဋ္ဌာန်းနည်းပြ ဆရာတော်ဦးဇနိတ ဦးဆောင်လျက် ဦးတေဇောဘာသ၊ ဦးတိလောကဉာဏ၊ ဦးစန္ဒောဘာသ၊ ဦးတိက္ခဉာဏာလင်္ကာရ၊ ဦးကုသလသာမိ(ပျော်ဘွယ်)တို့ ကန္နီသမထ၊ ၀ိပဿနာ အားထုတ်နည်း စတင်မြစ်ဖျားခံရာ သီရိလင်္ကာနိုင်ငံ၏ အကြီးမားဆုံးတောအုပ်ကြီးဖြစ်သော စိတ္တလပဗ္ဗတ (စိတြုပါဥ၀)သို့ တရား အားထုတ်ရန် သွားရောက်ခဲ့ကြ၏။

တိုက်တိုက်ဆိုင်ဆိုင် ရက်ပေါင်း ၆၀-တရားစခန်းပြီးဆုံးသည့်နေ့သည် တပေါင်းလပြည့်နေ့ ဖြစ်နေ၏။ တပေါင်းလပြည့်နေ့ ညနေ ၆-နာရီအချိန်တွင် ကမ္မဋ္ဌာန်းနည်းပြဆရာတော် ဦးဇနိတခေါင်းဆောင်ပြီး နည်းခံတပည့် (၅)ပါးဖြင့် အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်း စတင်တည်ထောင်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းကို


၁။ ဆရာတော် ဒေါက်တာအရှင်ဇနိတ(ဥက္ကဋ္ဌ)
၂။ ဆရာတော် ဦးတေဇောဘာသ(ဒုတိယ ဥက္ကဋ္ဌ)
၃။ ဆရာတော် ဦးတိလောကဉာဏ(အတွင်းရေးမှူး)
၎။ ဆရာတော် ဦးတိက္ခဉာဏာလင်္ကာရ(ဒုတိယအတွင်းရေးမှူး)
၅။ ဆရာတော် ဦးစန္ဒောဘာသ(ဘဏ္ဍာရေးမှူး)
၆။ ဆရာတော် ဦးကုသလသာမိ (စာပေနှင့်ပြန်ကြားရေးမှူး)တို့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြသည်။ 

အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းကို Melbourne, Australia တွင် အခြေစိုက်သွား မည် ဖြစ်သည်။


ဒေါက်တာအရှင်ဇနိတ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

ဒေါက်တာအရှင်ဇနိတကို မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ကျောက်အိုင်ရွာ၌ ၀၈-၀၆-၁၉၇၁ ခုနှစ် တွင် ခမည်းတော် ဦးတင်မြင့်၊ မယ်တော် ဒေါ်ဝင်းတို့မှ မီးရှူးသန့်စင် ဖွားမြင်သည်။ အရှင်ဇနိတသည် မန္တလေးတိုင်း အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ပရိယတ္တိစာပေများ လေ့လာသင်ယူခဲ့ပြီး ပထမကြီးတန်းကို အောင်မြင်ခဲ့သည်။ အိန္ဒိယသို့ ပညာတော်သင်ခရီး မကြွရောက်မှီ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ယောဂီသူတော်စင်တို့အား တရားရေအေး အမြိုက် ဆေးတိုက်ကျွေးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိပြီး ပညာသင်ယူခဲ့ရာ Sanskrit University မှ  B.A နှင့်  M.A ဘွဲ့များရခဲ့သည်။ ၂၀၀၇-နှစ်တွင်  Culcutta University မှ Vipassana Meditation in Theravada Buddhism ခေါင်းစဉ်ဖြင့် Phd ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ယခုအခါ ဒေါက်တာ အရှင်ဇနိတ သည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ သီတင်းသုံး နေထိုင်လျက်ရှိပါသည်။


အရှင်တေဇောဘာသ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

အရှင်တေဇောဘာသကို မန္တလေးတိုင်း မြင်းခြံမြို့နယ် ထနောင်းတန်းရွာ၌ ၂၉-၀၄-၁၉၇၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၂)နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ၁၉၉၃-ခု ဧပြီလ(၆)ရက်နေ့တွင် အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ မြင့်မြတ်သော ရဟန်း အဖြစ်သို့ရောက်ရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် ရန်ကုန်နှင့် သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ် တို့၌ ဗုဒ္ဓစာပေ ပညာများ ဆက်လက် လေ့လာသင်ယူခဲ့သည်။ အရှင်တေဇောဘာသသည် နိကာယ်ငါးရပ် စာမေးပွဲ၌ ၀ိနယ၀ိဒူ ဒီဃနိကာယ၀ိဒူ မဇ္ဈိမ နိကာယ၀ိဒူ သံယုတ္တနိကာယ၀ိဒူ အင်္ဂုတ္တရ နိကာယ၀ိဒူ အဘိဓမ္မ၀ိဒူဘွဲ့များအပြင် သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ နှင့် B.Aဘွဲ့ တို့ကို ရရှိအောင်မြင်ခဲ့သည်။ ဧလာမြို့ သရက်တော ကျောင်း တိုက်နှင့် ရန်ကုန်မြို့ သာကေတမြို့နယ် တိပိဋကာလင်္ကာရ ကျောင်းတိုက်၌ စာပေများ သင်ကြားပို့ချ ခဲ့သည်။ ယခုအခါ သာသနာရေး ကိစ္စများဆောင်ရွက်ရန်အတွက် ဂျာမဏီနိုင်ငံ၌ သီးတင်းသုံးလျက်ရှိပါသည်။


အရှင်တိလောကဥာဏ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

အရှင်တိလောကဥာဏကို စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၌ ၁၀-၀၁-၁၉၇၆ ခုနှစ်တွင် ခမည်းတော် ဦးဘသောင်း မယ်တော် ဒေါ်ငွေရင်တို့မှ မီးရှုးသန့်စင် ဖွားမြင်သည်။ သက်တော် ၁၂ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ပြီး မဟာဂန္ဓာရုံ ကျောင်းတိုက်၌ စာပေများ လေ့လာသင်ယူခဲ့သည်။ ရန်ကုန် မြောက်ဒဂုံမြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်၌ စာပေများ ပို့ချခဲ့ပြီး မဟာစည်သာသနာ့ရိပ်သာ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊ ဖားအောက်တောရ ရိပ်သာ တို့၌ တရားရှုမှတ်ပွားများခဲ့သည်။ ယခုအခါ သီရိလင်္ကာ နိုင်ငံ ကေလနိယတက္ကသိုလ် MAဂေဇက်ကို စောင့်ဆိုင်းလျက် ရှိသည်။


အရှင်စန္ဒောဘာသ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

အရှင်စန္ဒောဘာသကို မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် ရိုးရာကျေးရွာ၌ ၀၁-၀၆-၁၉၇၆ ခုနှစ်တွင် ခမည်းတော် ဦးချက်ပို၊ မယ်တော် ဒေါ်ဝိုင်းရွှေတို့မှ မီးရှုးသန့်စင် ဖွားမြင်ခဲ့သည်။ အသက် ၁၀ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ပြီး မန္တလေးမြို့ မဟာမြိုင်ကျောင်းတိုက်။ ရန်ကုန်မြို့ ဇေယျသိဒ္ဓိစာသင်တိုက် ဗြဟ္မနိမ္မိတာရုံစာသင်တိုက်တို့၌ ဗုဒ္ဓစာပေများ လေ့လာသင်ယူခဲ့သည်၊ ပထမကြီး ၀ိနယ၀ိဒူဘွဲ့နှင့် တက္ကသီလာ ဓမ္မာစရိယ ဘီအေ၊ အမ်အေဘွဲ့တို့ကို အောင်မြင်ခဲ့သည်။ သီရိလင်္ကာနိုင်ငံသို့ ၂၀၀၇ နှစ်တွင်ရောက်ရှိပြီး ကေလနိယတက္ကသိုလ်နှင့် ဘီပီယူ တက္ကသိုလ်တို့မှ အမ်အေဘွဲ့အသီးသီး ရရှိခဲ့သည်။ မြေဇင်းတောရ ဆရာတော်ကြီး၏ နည်းအတိုင်း အရှင်ဇနိတ၏လမ်းညွှန်မှုအောက်တွင် (၂)လ တိတိ အားထုတ်ခဲ့ပြီး ယခုအခါ သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးလျက်ရှိပါသည်။


အရှင်တိက္ခဉာဏာလင်္ကာရ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

မြန်မာကောဇာသက္ကရာဇ် ၁၃၄၀ ခု ကဆုန်လပြည့်ကျော် (၆)ရက်နေ့၊ ခရစ်နှစ် ၁၉၇၈-ခု၊ မေလ(၂၇) ရက်နေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့ ခင်သာရပ်ကွက်၌ ခမည်းတော် ဦးအံ့မော် မယ်တော် ဒေါ်ဟန်အေးတို့မှ ဖွားမြင်သည်။ အသက် ၁၁ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့သည်။ ရန်ကုန် မန္တလေးမြို့များ၌ စာပေကျန်းဂန်များ လေ့လာသင်ယူခဲ့သည်။ သာမဏေ ကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ သာသနာဓဇဓမ္မာစရိယဘွဲ့ တို့ကိုရရှိ အောင်မြင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်၌ M.Aတန်းကို တက်ရောက်သင်ယူခဲ့သည်။ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၊ ဗဟန်း ၀ိသုဒ္ဓါရုံတိုက်သစ် နှင့် မန္တလေးမြို့ ၀ိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း၌ စာပေများပို့ချခဲ့သည်။ ဇာတိရပ်ရွာ၌ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာကို ဆရာနှင့်တွဲကာ ဦးဆောင်ပြုဖွင့်လှစ်ခဲ့ပြီး တရားဓမ္မများ ဟောပြောပြသခဲ့သည်။ မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏နည်းအတိုင်း ကျင့်ကြံအားထုတ်ခဲ့သည့် အတွေ့အကြုံကို အဖြူရောင် သံစဉ်ရေဒီယိုမှ ကမ္ဘာတ၀ှန်း တရားချစ်ခင် သူတော်စင်တို့သိအောင်     ဟော ပြောခဲ့ သည်။ လူမှုရေး လုပ်ငန်းများအဖြစ် ပြည်ပရောက် ယောနယ်အသင်းများကို ဦးဆောင်ဖွဲ့စည်း ခဲ့သည်။


အရှင်ကုသလသာမိ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်


အရှင်ကုသလသာမိကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ အနောက်ဘက် ဃဲကြီးကျေးရွာတွင် ၁၇-၀၂-၁၉၈၁ ခုနှစ်၌ ခမည်းတော် ဦးအောင်၊ မယ်တော် ဒေါ်ဝင်းကြည်တို့မှ ဖွားမြင်သည်။ တောင်ငူမြို့နယ် ၀ိသုဒ္ဓါရုံမြို့ထောင့်စာသင်တိုက်၊ အုတ်တွင်းမြို့ ကန်ကလေးတောရ စာသင်တိုက်၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဗြဟ္မနိမ္မိတာရုံပရိယတ္တိစာသင်တိုက်၊ ပါဠိ တက္ကသိုလ်ညောင်တုန်းကျောင်းတိုက်တို့တွင် ပရိယတ္တိစာပေများကို သင်ယူခဲ့သည်။  သာသနာ့ ဓဇဓမ္မာစရိယဘွဲ့ကို ၁၃၆၂-ခုနှစ်တွင် ရရှိခဲ့သည်။ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် သာသနာ့တက္ကသီလ ဓမ္မာစရိယ နှင့် သာသနာ့တက္ကသီလမဟာ ဓမ္မာစရိယ သင်တန်းများကို သင်ယူခဲ့သည်။ ၂၀၀၈-ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံသို့ ကြွရောက်ပြီး University of Kelaniya  တွင် M.Aဘွဲ့ကို တက်ရောက်ခဲ့သည်။