|
တစ်ဘ၀နှင့်ပင်ဖြစ်စေ၊ တစ်ကမ္ဘာနှင့်ပင်ဖြစ်စေ၊ ကမ္ဘာရာထောင် တစ်သင်္ချေ နှစ်သင်္ချေ ဆယ့်ခြောက်သင်္ချေ-သင်္ချေရာထောင်နှင့်ပင်ဖြစ်စေ၊ နောက်ဆုံးအရဟတ္တမဂ်ကို ရသည်အထိ ရုပ်နာမ်သင်္ခါရ ဖြစ်ပျက်ရှုရခြင်းမှကင်း၍ တစ်ခြားအကျင့်မရှိတော့ပါ။ အတိုချုံးလိုက်လျှင် ရုပ်နာမ်ဖြစ်ပျက်ကို မြင်ထင်၍နေသော ဉာဏ်၏အဆုံးနားတွင် မဂ်ရှိသည် ဖိုလ်ရှိသည်၊ နိရောဓသစ္စာ အမှန်ရှိပေသည်။ ဖြစ်ပျက်၏ အဆုံးရောက်အောင်၊ တစ်နည်းအားဖြင့် ဖြစ်ပျက်အာရုံမှ ကျော်လွန်သွားအောင် စူးစူးစိုက်စိုက် အားထုတ်ဖို့သာလျှင် ဧကန်ယောဂီတို့၏ အလုပ်ဖြစ်ပါသည်။ ထို့ကြောင့်ပင် “လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော။ လောကတော ဥတ္တရံ လောကုတ္တရံ - ဖြစ်တတ်ပျက်တတ်သောကြောင့် လောကမည်၏၊ လောကထက် လွန်မြတ်သောတရားသည် လောကုတ္တရာ”ဟူ၍ ဖွင့်ပြတော်မူကြကုန်သည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း “ဧသေ၀ံ ဒုက္ခဿ အန္တော ဒုက္ခဿ အတီတံ အစ္စန္တံ - လောကုတ္တရာဟူသည် ဆင်းရဲဒုက္ခများ၏ အဆုံး၊ ဆင်းရဲဒုက္ခများ၏ လွန်မြောက်ရာ”ဟူ၍ ဟောတော်မူခြင်းဖြစ်ပါသည်။ Last Updated (Wednesday, 16 June 2010 06:22)
နှလုံးသွေးပြင်(ဟဒယ)ဟူသော ၀ိဿနာအာရုံ၏အတွင်း၌ သမာဓိ အလင်းဖြင့် ကြည့်လိုက်တိုင်း ကြည်လင်ပြတ်သားစွာ ထင်ရှားဖြစ်ပေါ်လာကြပေလိမ့်မည်။ ထင်၍လာကြကုန်သော ကလာပ်မှုန့် ဓာတ်မှုန့် ပရမတ်ရုပ် ပရမတ်နာမ်တို့၏ သိန်းသန်းကုဋေ မရေတွက်နိုင်သည့် ရာပေါင်းများစွာ တသဲသဲတဖွဲဖွဲ တလှုပ်လှုပ် တရွရွ မြူမှုန်လုံးကြီးတွေ ကြွကြွပြီး လေပွေကြီးနှင့်အတူ ထလာဒါလို တဖွားဖွားနှင့်ပျက် တရိပ်ရိပ်ဖြင့် ဉာဏ်အာရုံတွင် ထင်မြင်လာကြပေလိမ့်မည်။ ဤကဲ့သို့ ဖြစ်ပေါ် ပျက်ဆုံး ဖြစ်ပေါ်ပျက်ဆုံးနှင့် နေတာကို အသေအချာ တွေ့မြင်ကြရပေလိမ့်မည် ဤကဲ့သို့ တဖွဲဖွဲ တသဲသဲ အမြဲပျက်၍သာ နေရရှာသော ပရမတ်ရုပ် ဓာတ်ရုပ် ကလာပ်တို့ကို စိတ်ကစူး စူးစိုက်အာရုံလိုက်လျှက် မမြဲဘူး ပျက်လှချည့်ပျက်လှချည့် အနိစ္စ အနိစ္စဟု အဆက်မပြတ် ရှုမှတ်ရမည်။ ရှုဖန်များသောအခါ ၀သီဘာဝ(အထုံ)၏ အစွမ်းအားကြောင့် ၀ိပဿနာဉာဏ်အားရှိပြီး မိမိနောက်နောင်က မြဲတယ်၊ ငါ့ကိုယ်ငါ့ဟာ ငါ့ခန္ဓာဟု ယူမှားစွဲမှား အထင်မှားခဲ့သော ဃန(အစိုင်အခဲ)၊ သဏ္ဍာန်၊ သန္တတိ(အစဉ်အတန်း)ဟူသော ပညတ်သုံးပါတို့ ကွယ်ချုပ်လာပေမည်။ သို့ဖြစ်၍ သမ္မာဒိဋ္ဌိမဂ္ဂင် အစစ် ဖြစ်ကြီးဖြစ်ခါ လေလာသောအခါ ဂျုံမှုန့်များ အမြင့်မှကြဲချနေသကဲ့သို့ တဖွဲဖွဲတဖွားဖွား အစဉ်မပြတ် ဒလစပ်ဖြစ်နေသကဲ့သို့လည်း မြင်ထင်၍လာတတ်ကြပါကုန်သည်။ Last Updated (Friday, 11 June 2010 13:09)
ရုပ်ပုံနံပါတ် ၅၄-တွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ်တစ်ခုလုံး အပျက်ချည်းသာ မြင်ပြီး အပျက်မှတစ်ပါး မည်သည့်အကောင်အထည်မျှ ရှာ၍မတွေ့၊ မည်သည့်ပုံသဏ္ဍာန်ကိုမျှ မမြင်၊ အာရုံ၍မထင်၊ သုဒ္ဓသင်္ခါရပုဉ္ဇ (သက်သက် သင်္ခါရတရား အစုအပုံ)ဟုသာ ၀ိပဿနာအာရုံဖြစ်နေခဲ့လျှင် ဗလ၀၀ိပဿနာ ဆိုက်ရောက်နေသည်ဟု ဆိုနိုင်လေသည်။ ထိုကဲ့သို့ ရှုမှတ်နိုင်သော ယောဂီကို အားရှိသောဝိပဿနာစခန်းသို့ ဆိုက်ရောက်နေသော ယောဂီဟု ဆိုနိုင်ပါသည်။ ခန္ဓာကိုယ် အလယ်ပိုင်း၍သာ အပျက်ထင်ပြီး အစိုင်အခဲ၊ ပုံသဏ္ဍာန်တို့ မပျောက်ပျက်သေးလျှင် (တစ်နည်းအားဖြင့်) ၀ိပဿနာဉာဏ်အာရုံ ရောက်ရာအရပ်တို့၌သာ အပျက်ထင်ပြီး ခန္ဓာကိုယ်ကောင်ကြီး ရှိနေသေးသည်ဟူသော အမှတ်သညာရှိနေသေးလျှင် နုသော ၀ိပဿနာအဆင့်သို့ ရောက်သူ သို့မဟုတ် ၀ိပဿနာဉာဏ်အဆင့်သို့ ရောက်ခါစယောဂီဟု ဆိုနိုင်ပါသည်။ Last Updated (Tuesday, 08 June 2010 19:04)
|






