|
အားထုတ်မှုမစခင် သိမှတ်ဖွယ် ယနေ့ကမ္ဘာတွင် ရုပ်ဝတ္ထုများတိုးတက်မှုအောက်၌ လူသားသည် မရှုနိုင် မကယ်နိုင် စိတ်ဓာတ်တွေ ယိုယွင်းလာနေသည်။ အေးငြိမ်းရာ နည်းလမ်းကိုရှာရင်း နည်းသစ်အတွေးသစ်တို့ အလယ်တွင် ချာချာလည်နေကြရ၏။ ငြိမ်းချမ်းမှု၊ အေးချမ်းတည်ငြိမ်မှုကို လိုချင်ပါသည်ဆိုသော်လည်း ဟိုဟာကောင်းနိုးနိုး၊ သည်ဟာကောင်းနိုးနိုး ဖြစ်နေရပြန်၏။ ရုပ်ဝတ္ထုကြောင့် ဖြစ်ရသော ရောဂါကို ရုပ်ဝတ္ထုဖြင့် ရှာကြံကုသနေကြရ၏။ ရေဆာ၍ သမုဒ္ဒရာရေသောက်လျှင် မ၀နိုင်ဘဲ ဆက်ကာဆက်ကာ သောက်သဖြင့် ဒုက္ခရောက်ရုံသာရှိမည်ဟု မစဉ်းစားမိ။ စဉ်းစားသော်လည်း အားကိုးထောက်တည်စရာ မရ။ ဒုက္ခပင်လယ် ဝေနေကြရ၏။ လမ်းစမျှပင် မတွေ့။ ဤသို့ဖြင့် လူသားသည် မျှော်လင့်ချက်ပျောက်ဆုံးနေ၏။ မျှော်လင့်ချက်ပျောက်ဆုံးသဖြင့် ဗျာများနေကြရ၏။ ဗျာများနေသဖြင့် စိတ်တည်ငြိမ်ဖို့ မလွယ်။ စိတ်တည်ငြိမ်မှုရဖို့အတွက် ဗုဒ္ဓမြတ်စွာက နည်းအမျိုးမျိုးဖြင့် လမ်းညွှန်ပြသတော်မူခဲ့၏။ ဗုဒ္ဓမြတ်စွာသည် သူ ပေးထားခဲ့သောနည်းတို့အနက် သမထ၊ ၀ိပဿနာအားထုတ်ခြင်းဖြင့် အမှန်တရားကို သိမြင်အောင် အားထုတ်ခြင်းကို အထူးအလေးပေးခဲ့သည်။ သမထ၊ ၀ိပဿနာအားထုတ်ရာတွင် ဣရိယာပုထ်လေးပါး တစ်ပါးပါးဖြင့် အားထုတ်နိုင်သည်။ သို့ရာတွင် “ထိုင်”ဣရိယာပုထ်ဖြင့် အားထုတ်ခြင်းသည် အကောင်းဆုံးဟု ဆရာမြတ်တို့ ညွှန်ကြားကြသည်။ ဣရိယာပုထ်နှင့်ပတ်သတ်၍ ၀ိဝဋ္ဋပါရဂူကျမ်း၊ သန္တိကေနိဒါန်းတွင်ပါရှိသော စကားရပ်များကို ရှင်းလင်းဖော်ပြလိုပါသည်။ အဆိုပါ နိဒါန်းတွင် ကျမ်းပြုဆရာအရှင်ဝိဗောဓာလင်္ကာရက အာနာပါနကမ္မဋ္ဌာန်း၊ ဒုတိယအဆင့်ကို တင်ပလ္လင်ခွေအားထုတ်စဉ် မီးခိုးအသွင်အစဉ်မပြတ် တန်း၍ထွက်သွားသော အခိုးနိမိတ်များ ရရှိခဲ့၏။ ထိုသို့အားထုတ်ရင်း ညောင်း၍ဆောင့်ကြောင့်ထိုင် အားထုတ်ရာ ထို့ထက် အားကောင်းသော အခိုးနိမိတ်များရရှိခဲ့သည်။ ဆိုလိုသည်မှာ တင်ပလ္လင်ခွေ ဣရိယာပုထ်ထက် ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်းက တရားပိုတိုးတက်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုတရားအတွေ့အကြုံကို ကန္နီရွှေသိမ်တော်တောရဆရာတော်ဘုရားအား လျှောက်ထားရာ “အလေ့အထလည်း ပဓာနတစ်ခု ဖြစ်တတ်ပါ၏၊ နောက်အားရှိက ရှေ့အားလည်း ကြီးတတ်ပါ၏၊ ရှေ့အား နောက်အား ပစ္စည်းဆက်သွယ်၍ သွားကြသည်၊ အလေ့အထလည်း ရှိပေ၏၊ ကြည့်ပါလား…..အခါတစ်ပါး မထေရ်ကြီးတစ်ပါး တရားခွင်ဝင်ခါနီး ဖုန်ခါသောအလေ့အထရှိ၏၊ တစ်နေ့သောအခါ ဖုန်မခါဘဲ တရားခွင်ဝင်ပြီး တရားအားထုတ်မိ၍ တရားမတတ်နိုင်ဘဲ လမ်းချော်နေ၏၊ သို့ဖြစ်၍ အင်း…ငါ ဘာများလိုနေပါလိမ့် စသည်ဖြင့် အကြောင်းရှာစဉ်းစားရာ ဖုန်မခါဘဲ တရားခွင်ဝင်မိသည်ကို သတိရ၏၊ ဖုန်ခါပြီး တရားပြန်အားထုတ်သောအခါ ရှေးကကဲ့သို့ အားထုတ်၍ ကောင်းသည်ဟု ဆို၏၊ ထို့ကြောင့် ဓမ္မ၀တ်၊ ဓမ္မဓလေ့မဟုတ်သော်လည်း လောက၀တ်၊ လောကဓလေ့ အလေ့အထ အမူအရာ လုပ်နေကျ ကိုင်နေကျများကို လုပ်လျှင် ထက်သန်သော လျင်မြန်သော အကျိုးပေါ်ပေါက်တတ်သည်”ဟု ဆရာတော်က အမိန့်ရှိတော်မူလိုက်၏။ ဆရာတော်ဘုရားကြီး၏ စကားမှ မှတ်သားစရာများ များစွာရပါသည်။ ပထမအချက်မှာ မည်သည့်ဣရိယာပုထ်ဖြစ်စေ နှစ်သက်သလို အားထုတ်နိုင်သည်။ မိမိအလေ့အလာများသော ဣရိယာပုထ်မှာ မိမိအတွက်အကောင်းဆုံးဖြစ်သည်။ ဒုတိယအချက်မှာ မိမိနေ့စဉ်ပြုနေကျ လောက၀တ် သို့မဟုတ် အလေ့အထများကို စွန့်စရာမလိုခြင်းပင် ဖြစ်ပါ၏။ တရားအားထုတ်ရာတွင် အချို့က နေရာရွေးတတ်၏၊ အားထုတ်နေကျနေရာဖြစ်မှ အားထုတ်၍ အဆင်ပြေ၏။ ရွေးပြီးသောနေရာတွင်လည်း ရှေးက နံရံဘက်လှည့်ပြီး အားထုတ်နေကျဖြစ်လျှင် နံရံဘက်လှည့်အားထုတ်ရမှ အားထုတ်၍ အဆင်ပြေ၏။ နေရာနှင့်ပတ်သတ်၍ သတိပဋ္ဌာန်ပါဠိတော်တွင် တော၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်ကို သွားရမည်ဟု ဆိုထားသည်။ အဓိကအားဖြင့် တရားအားထုတ်မှုကို အနှောက်အယှက်ပေးမှု နည်းသောနေရာဟု ယူနိုင်ပါသည်။ ထိုနေရာမျိုးမရခဲ့လျှင် အဖြစ်နိုင်ဆုံးနည်းနဲ့ အကောင်းဆုံးနေရာကို ရွေးကြရပေလိမ့်မည်။ ထိုင်ရာတွင်လည်း ထုံးစံအတိုင်း အမျိုးသားများ တင်ပလ္လင်ခွေ၊ အမျိုးသမီးများ မိန်းမထိုင် ကျုံ့ကျုံ့ထိုင် ထိုင်ရမည်။ ခါးကို ဖြောင့်ဖြောင့်ထားပြီး ဘယ်လက်အပေါ်တွင် ညာလက်ကို တင်ထားရမည်။ လက်မထိပ်နှစ်ခုကို ထိထားလျှင် အကောင်းဆုံးဖြစ်သည်။ အမှန်အားဖြင့် မည်သို့မည်ပုံ ထိုင်ရမည်ဟု တရားသေ သက်မှတ်ထားခြင်းမျိုး မရှိဟု ဆိုရပါမည်။ သင့်တော်သလို ကြာကြာထိုင်နိုင်မည့် ဣရိယာပုထ်ဖြစ်ဖို့ အရေးကြီးပါသည်။ ကန္နီဆရာတော်ဘုရားကြီးက မျက်စိမှိတ်ထားရမည်ဟု မိန့်တော်မူသည်။ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိမှိတ်ရုံမျှမက လက်ကိုင်ပ၀ါစသော အ၀တ်ပိုင်းတစ်ခုခုဖြင့် မျက်လုံးနှစ်ဖက်ကို စီးထားရမည်ဟု မိန့်တော်မူသည်။ စာရေးသူတို့ အားထုတ်စဉ်ကလည်း မျက်စိနှစ်ဖက်ကို လက်ကိုင်ပ၀ါ စီးပြီး အားထုတ်ခဲ့ကြသည်။ အချို့က “ဘုရားရှင်က အဲ့ဒီလို တစ်ခါမှ ညွန်ကြားတာ တစ်ခါမှ မတွေ့ဖူးပါဘူး”ဟု ဆိုတတ်ကြသည်။ လက်တွေ့အားထုတ်ကြည့်သောအခါတွင် သတိထားကြည့်မိသည်။ လက်ကိုင်ပ၀ါစီးမထားလျှင် အနီးပတ်ဝန်းကျင်မှ အသံကြားလျှင် အလွယ်တကူ မျက်စိဖွင့်ကြည့်ချင်နေတတ်သည်။ ထူးဆန်းသော အသံဖြစ်လျှင်ကား ဖွင့်မကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေတတ်သည်။ ပ၀ါစီးထားလျှင်ကား ရုတ်တရက် ဖွင့်ကြည့်ဖို့ မလွယ်ကူပေ။ ထို့ထက် အရေးကြီးသော အကြောင်းတစ်ခု ရှိပါသည်။ ကန္နီနည်းက အလင်းနိမိတ်ရအောင် အားထုတ်ရသော နည်းဖြစ်ရာ လက်ကိုင်ပ၀ါစီးထားလျှင် ပြင်ပအလင်း ၀င်ရောက်မှု မရှိသဖြင့် နိမိတ်နှင့်ပြင်ပအလင်းကို ခွဲခြားနိုင်ပါသည်။ လက်တွေ့အားထုတ်သောအခါတွင်လည်း အလွန်အကျိုးကျေးဇူးများလှပါသည်။ ထို့ကြောင့် မြေဇင်းတောရဆရာတော်ဘုရားကြီးက လက်ကိုင်ပ၀ါစီးပြီး အားထုတ်ဖို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ပါသည်။ အာနာပါန သမထလမ်းစဉ်တွင် စုစုပေါင်း အပိုင်း (၅)ပိုင်း ပါဝင်သည်။ ပထမ (၄)ပိုင်းမှာ အာနာပါနသမထကျင့်စဉ်များဖြစ်ပြီး နောက်ဆုံး (၅)ခုမြောက်အပိုင်းမှာ ဖြစ်ပျက်ရှုမှတ်ခြင်းဟူသော ၀ိပဿနာလမ်းစဉ်ဖြစ်၏။ ယင်း အပိုင်း (၅)ပိုင်းကို အားထုတ်ပုံနှင့်တကွ အစဉ်အတိုင်း ဖော်ပြသွားပါမည်။ သတိမြဲရာ၊ ပထမာ လောကတွင် မည်သည့်အလုပ်ပင်ဖြစ်စေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ယူရ၏။ နေ့ချင်းညချင်း ပြီးဆုံးအောင်မြင်သည်ဟု မရှိ။ အကိုင်းအခက်အလက်စုံလင်သော ညောင်ပင်ကြီးဖြစ်ဖို့ ညောင်စေ့လေးမှ စတင်ရ၏။ ထို့အတူပင် ကမ္မဋ္ဌာန်းအားထုတ်ရာတွင်လည်း တစ်ဆင့်ချင်းလှမ်းရ၏။ ခုန်ပျံကျော်လွှား၍ မရ။ အလွယ်နှင့် အခက်တွင် အလွယ်ကို ပထမ လုပ်ရ၏။ အလွယ်ပြီးမှ အခက်သို့ တစ်ဆင့်ချင်းလှမ်းရ၏။ ပထမဆုံး အာနာပါန ထွက်လေ၊ ၀င်လေအားထုတ်မှုတွင် ပထမဆုံး သတိကို မြဲနေအောင် အားထုတ်ရ၏။ မည်သည့် တန်ဆာဆင်မှုမျိုးမှ မပါ။ ရိုးရိုးကလေး သတိမြဲအောင် အားထုတ်ရုံသာ ဖြစ်၏။ အကျဉ်းဆုံးနည်းအားဖြင့် ဆိုရလျှင် ထွက်လေ ထွက်သောအခါတိုင်း ငါ၏ ထွက်လေသည် နှာသီးဖျားအတွင်းနံရံကို ထိခတ်သွား၏၊ ထို့အတူ ၀င်လေ ၀င်သောအခါတိုင်း ငါ၏ ၀င်လေသည် နှာသီးဖျားအတွင်းနံရံကို ထိခတ်သွား၏၊ ထိုသို့ နှာသီးဖျားအတွင်းနံရံကို ထိခတ်သွားသော ထွက်လေတိုင်း၊ ၀င်လေတိုင်းကို သိမှတ်နေရမည်၊ ဂရုတစိုက် စောင့်ကြည့်နေရမည်။ သတိမြဲရာ၊ ပထမာဟူသည့်အတိုင်း သတိမြဲဖို့အောင် အားထုတ်ခြင်းသည် ပထမဆင့် ဖြစ်၏။ ဤနည်းအားဖြင့် သတိမြဲအောင် အားထုတ်နိုင်သည်သာ ဖြစ်ပါ၏။ နည်းအမျိုးမျိုးဖြင့် ထုတ်ဖော်ညွှန်ပြတော်မူခဲ့သော မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို ရှေးဆရာတော်အရှင်မြတ်များက လက်တွေ့ကျကျ အားထုတ်ခဲ့ကြ၏။ အားထုတ်ခဲ့သော အတွေ့အကြုံများကို အရင်းခံ၍ လက်ဆင့်ကမ်း ဖြန့်ဝေခဲ့ကြ၏။ ဤသို့ဖြင့် နည်းစနစ်များအားလုံးက ဘုရားဟောများဖြစ်သော်လည်း ဆရာတော်ကြီးများ၏ အတွေ့အကြုံအရ နည်းများစွာဖြစ်နေရ၏။ ထွက်လေ၊ ၀င်လေ အာနာပါနကမ္မဋ္ဌာန်းအားထုတ်ရာတွင် သတိမြဲအောင် ရှေးအဋ္ဌကထာ၊ ဋီကာဆရာကြီးများက နည်းအမျိုးမျိုး တီထွင်ပေးတော်မူခဲ့ကြ၏။ ကန္နီနည်းက အာနာပါနကမ္မဋ္ဌာန်းကို ၀ိသုဒ္ဓိမဂ်လာနည်းဖြင့် အားထုတ်ခိုင်း၏။ ၀ိသုဒ္ဓိမဂ်လာနည်းတို့တွင်လည်း ဂဏနာနည်းကို အဓိကထား၍ အားထုတ်ခိုင်း၏။ ဂဏနာနည်းနှင့်ပတ်သတ်၍ ဆိုဖွယ်များစွာရှိသော်လည်း ကျမ်းလေးမည်စိုး၍ တစ်ချို့တစ်ဝက်ကို ချန်လှပ်၍ လိုအပ်သမျှကိုသာ တင်ပြသွားပါမည်။ Last Updated (Thursday, 11 August 2011 12:45)
သဗ္ဗတ္ထက ကမ္မဋ္ဌာန်း အာနာပါနအဆင့်လေးဆင့်အားထုတ်မှု မစတင်မီ အောက်ပါ ကမ္မဋ္ဌာန်းများကို စတင်အားထုတ်ရသည်။ ယင်းကမ္မဋ္ဌာန်းများကို အလုံးစုံသော ကမ္မဋ္ဌာန်းတို့နှင့်တွဲ၍ လုပ်ဆောင်နိုင်သောကမ္မဋ္ဌာန်းဖြစ်သောကြောင့် သဗ္ဗတ္ထကကမ္မဋ္ဌာန်းဟု ခေါ်သည်။ ၎င်းတို့မှာ ၁။ ဗုဒ္ဓါနုဿတိ ဘာဝနာ ၂။ မေတ္တာဘာဝနာ ၃။ အသုဘဘာဝနာ ၄။ မရဏာနုဿတိ တို့ဖြစ်ပါသည်။ စာအုပ်မရေးခင်က ဤသဗ္ဗတ္ထကကမ္မဋ္ဌာန်းအားထုတ်ပုံများကို အကျယ်တ၀င့်တင်ပြဖို့ရန် စိတ်ကူးထားခဲ့သော်လည်း နောက်ဖော်ပြလတ္တံ့သောအကြောင်းအရာများကို အဓိကဦးစားပေး တင်ပြလိုသောကြောင့် အားထုတ်ပုံမျှကိုသာ တင်ပြသွားပါမည်။ ဗုဒ္ဓါနုဿတိဘာဝနာပွားများပုံ ဗုဒ္ဓတရားတော်များတွင် အဓိကအထူးခြားဆုံးလုပ်ငန်းစဉ်မှာ သမထ၊ ၀ိပဿနာအားထုတ်ရှုမှတ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို စနစ်တကျအားထုတ်မှုအပိုင်းမှာ ဗုဒ္ဓတရားတော်များတွင်သာ တွေ့ရနိုင်သောအရာများ ဖြစ်ပါ၏။ ဗုဒ္ဓမြတ်စွာဟောကြားဖော်ထုတ်ခဲ့သော သမထ၊ ၀ိပဿနာလမ်းစဉ်ဖြင့် လက်တွေ့ငြိမ်းချမ်းမှုတွေ့သွားသူများ များစွာရှိပါ၏။ ဖြစ်ပျက်ပြောင်းလဲမှုများ အလွန်မြန်ဆန်သော ယနေ့ကမ္ဘာတွင် သမထ၊ ၀ိပဿနာလုပ်ငန်းစဉ်များမှာ လောကလူသားများအတွက် များစွာအသုံးကျလာနေပြီဖြစ်၏။ အားထုတ်ဖူးသူတိုင်းက ဤလုပ်ငန်းစဉ်များ၊ ကျင့်စဉ်များဖော်ထုတ်ပေးခဲ့သော ဗုဒ္ဓမြတ်စွာကို လေးစားကြ၏။ ကိုးကွယ်ဆည်းကပ်ကြ၏။ ကျေးဇူးတင်သင့်သူကို ကျေးဇူးတင်ခြင်း၊ လေးစားသင့်သူကို လေးစားခြင်း၊ ကိုးကွယ်အားထားသင့်သူကို ကိုးကွယ်အားထားခြင်းမှာ မြင့်မြတ်သောလူသား၏ အနှစ်သာရပြယုဂ်တစ်ခုပင် ဖြစ်ပါ၏။ ဗုဒ္ဓါနုဿတိဘာဝနာကို ပွားမျာခြင်းမှာ ထိုအနှစ်သာရကို ထင်ဟပ်ပြလိုက်ခြင်းဟု ဆိုနိုင်၏။ တစ်ပြိုင်နက်တည်း ပို၍ထူးခြားသောအရာတစ်ခုမှာ ကိုးကွယ်အားထားသင့်သူကို စနစ်တကျ တစိုက်မတ်မတ် စူးစိုက်၍ ကြည်ညိုပွားများလိုက်လျှင် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်လျှမ်းလာသော စိတ်အစဉ်သည် တည်ကြည်မှုသို့ ဦးတည်သွား၏။ လက်တွေ့အားဖြင့် အမြင်အာရုံတို့ တစ်စုတစ်စည်းတည်းဖြစ်နေသည့်အတွက် အတွေးအမြင်များ ထက်မြတ်လာ၏။ ထိုထက်မြတ်လာသောအတွေးအမြင်သည် အံ့သြဖွယ်ရာ လွတ်မြောက်မှုသို့ ဦးတည်သွားတတ်ပါ၏။ သို့အတွက်ကြောင့် ဗုဒ္ဓါနုဿတိဘာဝနာကို စတင်အားထုတ်မှုပိုင်းတွင် ထည့်သွင်းထားရခြင်း ဖြစ်ပါ၏။ အားထုတ်ရာ၌ နောက်တွင် အာနာပါနကို အားထုတ်လတ္တံ့ဖြစ်သောကြောင့် အာနာပါနနှင့်တွဲ၍ ဆရာတော်အရှင်မြတ်များက အားထုတ်စေခဲ့သည်။ အားထုတ်ပုံအကျဉ်းမှာ မိမိ၏ ထွက်လေ၊ ၀င်လေကို ပုံမှန်လေးအတိုင်းဖြစ်အောင် အရင်အားထုတ်ပြီး “၀င်လေ အရဟံ၊ ၀င်လေ အရဟံ”ဟု စိတ်က သိမှတ်အာရုံပြု၍ ရှုမှတ်ရမည်။ ထွက်လေကိုကား သိရုံသာ သိထားရမည်။ ပါးစပ်က ထုတ်ဖော်၍ ရှုမှတ်စရာ မလိုအပ်ချေ။ စိတ်က သိပေးနေရုံသာ ဖြစ်ပါသည်။ မေတ္တာဘာဝနာ ပွားများပုံ လူသည် တစ်ဦးတည်း တစ်ယောက်တည်း အသက်ရှင် ရပ်တည်၍မရ။ လူအများနှင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီအနေအားဖြင့် ရပ်တည်နေရ၏။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်အတွက် အနှောက်အယှက်၊ အဆိပ်အတောက်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကလည်း မိမိအတွက် အနှောက်အယှက်၊ အဆိပ်အတောက် ဖြစ်နိုင်၏။ မြင့်မြတ်သူတို့၏သဘောသဘာဝအားဖြင့်ဆိုရင်လျှင် မိမိကိုယ်တိုင်ကို ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်မဖြစ်ဖို့ လို၏။ မိမိက ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်မဖြစ်လျှင် ပတ်ဝန်းကျင်ကလည်း မိမိအပေါ်၌ အဆိပ်အတောက်မဖြစ်စေတော့ပေ။ တောကြီးမျက်မည်းထဲ၌ သူတော်စင်များနှင့် ရိုင်းစိုင်းသတ်ဖြတ်တတ်သော ကျားစသော သတ္တ၀ါများ မိတ်ဆွေများ ဖြစ်သွားကြသည်မှာ ဤသဘောပင် ဖြစ်ပါ၏။ မိမိနဲ့ပတ်ဝန်းကျင်အတွက် ကောင်းရာမွန်ရာဖြစ်အောင် ကြိုးစားခြင်းသည် မြင့်မြတ်သူတို့၏အလုပ်ဖြစ်ပါ၏။ ပတ်ဝန်းကျင်ဟူသည်မှာ မိမိပေးသလောက် ပြန်လည်ပေးဆပ်တတ်သောသဘောရှိပါသည်။ ပတ်ဝန်းကျင်အပေါ်မှာ ကိုယ်ကကောင်းလျှင် ပတ်ဝန်းကျင်ကလည်း မိမိအပေါ် ပြန်လည်ကောင်းမွန်ပြီး နေပျော်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ရတတ်ပါသည်။ တရားအဆင့်ဆင့် မြင့်တက်လိုသော ယောဂီပုဂ္ဂိုလ်အနေဖြင့်လည်း ပတ်ဝန်းကျင်အပေါ် ကောင်းဖို့လိုအပ်၏။ မေတ္တာထားတတ်ဖို့ လိုအပ်၏။ ပတ်ဝန်းကျင်အပေါ် မိမိက မေတ္တာထားလျှင် မိမိရော ပတ်ဝန်းကျင်ပါ အေးမြသောသဘောကို ခံစားရတတ်သည်။ တရားဘာဝနာအလုပ်ဟူသည် မိမိကိုယ်တိုင်နဲ့လောက အေးချမ်းရာအေးချမ်းကြောင်းကို ရှာရသောအလုပ်ဖြစ်ရာ ပတ်ဝန်းကျင်အပေါ် ဒေါသအာဃာတများ ထားနေလျှင် တရားအဆင့် မည်သို့မျှ မတတ်နိုင်ပေ။ သို့ဖြစ်၍ ပတ်ဝန်းကျင်အပေါ် မေတ္တာထားရခြင်းမှာ တရားအားထုတ်မှုအတွက် လိုအပ်ချက်တစ်ခု ဖြစ်လာ၏။ အားထုတ်ပုံမှာ အထက်ပါအတိုင်း ထွက်လေ၊ ၀င်လေအပေါ်မှာ သတိကပ်ပြီး “ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”ဟု စိတ်မှ မေတ္တာဓာတ်များ ပို့လွှတ်ပေးနေရုံသာ ဖြစ်ပါသည်။ လောကအတွင်းရှိရှိသမျှသော သတ္တ၀ါအားလုံးအပေါ်မှာ မိမိမေတ္တာ ရောက်ရှိနိုင်သမျှ မိမိလည်း ငြိမ်းချမ်းလာပါလိမ့်မည်။ ငြိမ်သက်အေးချမ်းမှု၊ ပျော်ရွှင်ကြည်နူးမှုများကို ခံစားလာရပေလိမ့်မည်။ ဗုဒ္ဓမြတ်စွာကလည်း ဥပက္ကိလေသသုတ်တွင် ပျော်ရွှင်ဝမ်းမြောက်သူအား ချမ်းသာခြင်းဖြစ်၏။ ချမ်းသာခြင်းရှိသူအား စိတ်တည်ငြိမ်ခြင်းဖြစ်၏။ စိတ်တည်ငြိမ်သူအား ပညာတရားတို့ တိုးပွား၏ဟု မိန့်တော်မူထားသည်။ (ကျမ်းညွှန်း) အသုဘဘာဝနာ ပွားများပုံ အမှားမြင်မှ အမှန်မြင်သို့ရောက်အောင် အားထုတ်ရခြင်းကို တရားအားထုတ်ခြင်းဟု ဆိုရ၏။ လောက၌ သတ္တ၀ါတို့မှာ အမှားကို အမှန်ထင်နေကြ၏။ အသုဘဖြစ်သော မိမိ၏ခန္ဓာကို သုဘဟု ထင်မှတ်မှားနေကြ၏။ သုဘဟု မှားမှားယွင်းယွင်း ယူဆထားသောကြောင့် အမှားသံသရာမှ မလွတ်မြောက်နိုင်ကြ။ အမှားကို အမှန်ဟု ထင်နေသောကြောင့် တကယ့်အမှန်ကို အားထုတ်ရှာဖွေလိုစိတ်များ မရှိဖြစ်နေကြရ၏။ မိမိတို့ ခန္ဓာ၏ မတင့်တယ်ခြင်း အသုဘအဖြစ်ကို မြင်အောင်ကြည့်လျှင် ရှေ့ဆက်လက်၍ ၀ိပဿနာအဆင့်များ တိုးတက်ရရှိနိုင်လေသည်။ သို့အတွက်ကြောင့် အသုဘဘာဝနာကို အာနာပါနအဆင့်များ အားမထုတ်မီ ထည့်သွင်းရှုမှတ်ခိုင်းခြင်း ဖြစ်ပါသည်။ အားထုတ်ပုံမှာ ထုံးစံအတိုင်း ထွက်လေ၊ ၀င်လေ၌ သတိကပ်ရှုမှတ်ပြီး “အသုဘပါတကား၊ အပုပ်ကောင်ကြီးပါတကား”ဟု စိတ်မှ ရွတ်ဆိုပြီး အားထုတ်ရှုမှတ်ရမည်။ မရဏာနုဿတိ ပွားများပုံ လောကလူသားတို့ မကောင်းသောအကုသိုလ်အမှုများကို မကြောက်မရွံ့ ပြုလုပ်နိုင်ကြခြင်းမှာ သေခြင်းတရားကို မဆင်ခြင်မိ၍ ဖြစ်သည်ဟု ဆိုနိုင်သည်။ သေခြင်းတရားကို အောက်မေ့နိုင်လျှင် လောဘ၊ ဒေါသ၊ မာန်မာနများ လျော့ပါးလာတတ်ပါသည်။ သေခြင်းတရားသည် သတ္တ၀ါကို တုန်လှုပ်မှုအပေးနိုင်ဆုံးသော အရာဖြစ်ပါသည်။ သေခြင်းတရားကို နက်နက်နဲနဲ ဆင်ခြင်မိလျှင် တရားအားထုတ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတတ်ပါသည်။ သို့ဖြစ်၍ အာနာပါနအဆင့်များ အားမထုတ်မီ မရဏာနုဿတိကို ဆင်ခြင်ရှုမှတ်ပွားများသင့်ပါသည်။ အားထုတ်ပုံမှာ မိမိ၏ ထွက်လေ၊ ၀င်လေ၌ သတိကပ်ပြီး “သေရအုံးမှာပါတကား၊ သေရအုံးမှာပါတကား”ဟု စိတ်မှ ဆင်ခြင်ပြီး အားထုတ်ရှုမှတ်ရပါမည်။
ကျမ်းဦးစကား တကယ်တမ်းအားဖြင့် ၀ိပဿနာအကြောင်းရေးရန်မှာ အတော်ခက်လှ၏။ ၀ိပဿနာနှင့် စပ်လျဉ်းသော အကြောင်းအရာများမှာ အလွန်တရာ သိမ်မွေ့လှ၏။ အခြားသော အကြောင်းအရာများနှင့် မတူ။ တစ်မူ ထူးခြား၏။ နက်လည်း နက်နဲ၏။ သိမ်မွေ့လည်း သိမ်မွေ့လွန်းလှ၏။ များသောအားဖြင့် လောကအတွင်း ရှိရှိသမျှ အကြောင်းအရာများမှာ လေ့လာဖတ်ရှုရုံမျှနှင့်လည်းကောင်း၊ ကြားနာသင်ယူရုံမျှနှင့်လည်းကောင်း သိနိုင်၏။ တတ်မြောက်နိုင်၏။ ကျွမ်းကျင်နိုင်၏။ ထိုအကြောင်းအရာများကို တစ်ဆင့် ဖြန့်ဝေရန်လည်း လွယ်ကူ၏။ ၀ိပဿနာအကြောင်းအရာကား အဆိုပါ အကြောင်းအရာများနှင့် ခြားနား၏။ ဖတ်ရှုရုံမျှ၊ ကြားနာရုံမျှနှင့် မသိနိုင်။ လက်တွေ့အားထုတ်ဖူးရန် လိုအပ်၏။ လက်တွေ့အားထုတ်ရုံမက တစ်စုံတစ်ခုသော ၀ိပဿနာဉာဏ်အမြင်ရှိထားဖို့လဲ လိုအပ်၏။ စာစကားအားဖြင့် ပြောရလျှင် စာသိမျှသာ မဟုတ်ဘဲ ဉာဏ်သိဖြစ်ဖို့ လိုအပ်၏။ သညာသိ၊ ပညာသိဟုလည်း ခွဲခြားဆိုနိုင်ပါ၏။ တစ်နည်းအားဖြင့် ဆိုရင်လျှင် ၀ိပဿနာအကြောင်း ရေးသားသူသည် အာဂမသုတ (စာပေပရိယတ်ကျွမ်းကျင် တတ်မြောက်မှု)၊ အဓိဂမသုတ(တစ်စုံတစ်ခုသော ဉာဏ်အမြင်ရှိထားမှု) နှစ်ပါးနှင့် ပြည့်စုံဖို့ လို၏။ အာဂမသုတရှိရုံမျှနှင့် ရေးဖို့မလွယ်၊ ရေးလိုက်လျှင်လည်း စာရှိ၍သာ ရေးလိုက်ရသော်လည်း ကိုယ်တိုင် (ဉာဏ်သိ) နားလည်လိမ့်မည် မဟုတ်။ ပိဋကတ်သုံးပုံကို ထုံးလိုမွှေ၊ ရေလိုနှောက်ထားသူ ဖြစ်စေကာမူ ၀ိပဿနာတရားအားမထုတ်ဖူးဘဲ ၀ိပဿနာအကြောင်းရေးလျှင် နားမလည်ဘဲနှင့် ရေးသည်ဟု ဒိဋ္ဌပုံသေ မှတ်ယူနိုင်၏။ ၀ိပဿနာအကြောင်းကား ဤမျှထိ ခက်လှ၏။ ပိဋကတ်သုံးပုံဆောင်ပုဂ္ဂိုလ်သော်မှ ဖတ်ရုံနှင့် နားမလည်နိုင်ဘူးဆိုလျှင် သာမန် ဗုဒ္ဓစာပေနှင့် ဝေးကွာသူ လူပုဂ္ဂိုလ်ကား အဘယ်သို့ နားလည်နိုင်မည်နည်း။ နားလည်လိုလျှင် အားထုတ်ရုံမှတစ်ပါး အခြားမရှိဟုသာ ဆိုရပေတော့မည်။ အမှန်အားဖြင့် ဗုဒ္ဓဘာသာတွင် ၀ိပဿနာတရားအားထုတ်ဖို့ရန်မှာ အရေးအကြီးဆုံးကိစ္စ ဖြစ်၏။ သို့ရာတွင် ၀ိပဿနာတရားအားထုတ်သူနှင့် လေ့လာသူတို့မှာ အလွန်နည်းပါးလှ၏။ ၀ိပဿနာနှင့် ဗုဒ္ဓဘာသာတို့မှာ ခပ်စိမ်းစိမ်းအနေအထားပင် ဖြစ်လျက်ရှိ၏။ ၀ိပဿနာတရား ဟောပြောသော ဘုန်းကြီး ရှားပါးသကဲ့သို့ ၀ိပဿနာတရားဆိုလျှင် ပျင်းစရာဟု ထင်သူက များလေ၏။ အကြောင်းမှာ ၀ိပဿနာ၏ သိမ်မွေ့နက်နဲခြင်းနှင့် အားမထုတ်ဘဲ နားမလည်နိုင်ခြင်း(စာဖတ်ရုံဖြင့် မသိနိုင်ခြင်း)တို့ကြောင့် ဖြစ်ဟန်ရှိ၏။ ခေတ်အဆက်ဆက် ၀ိပဿနာစာအုပ်များ ပေါ်ထွက်ခဲ့ကြပါ၏။ နည်းစနစ်များလဲ စုံလင်လှ၏။ သို့ရာတွင် ၀ိပဿနာတရားအားထုတ်မှုကား ရှေ့တန်းရောက်မလာ။ ဒါနနှင့်ပင် တင်းတိမ်နေကြ၏။ “Without meditation, nothing more is Buddhism than others”ဟု စာအုပ်တစ်အုပ်တွင် တွေ့ဖူး၏။ ဗုဒ္ဓဘာသာတွင် အခြားဘာသာတရားများထက် ထူးခြားနေသော အချက်မှာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရား ပါဝင်နေခြင်းပင် ဖြစ်၏။ ၀ိပဿနာတရား အားမထုတ်ဖြစ်ကြခြင်း၏ အကြောင်းများထဲတွင် ခက်ခဲခြင်း၊ ရုန်းကန်ရခြင်းကို အလိုမရှိသော လူ့သဘာဝကလည်း အကြောင်းတစ်ခု ဖြစ်ဟန်ရှိ၏။ “သုခဿ ပစ္စနီကာ၊ ဒုက္ခဿ အာသန္နာ” ဟူသော စကားအတိုင်း ၀ိပဿနာတရားအားထုတ်မှုမှာ ဆင်းရဲပင်ပန်းမှုနှင့် နီးကပ်၏၊ ချမ်းသာမှုနှင့်ကား အလွန်ဝေးလှ၏။ တစ်ဖန် သိထားရန်မှာ ၀ိပဿနာအားထုတ်မှုမှာ ဆင်းရဲပင်ပန်းမှုနှင့် နီးကပ်သည်ဟု ဆိုသော်လည်း “ဒုက္ခဿ အနန္တရံ သုခံ” ဟု ဟောထားသေးသည့်အတွက် အားတက်စရာဖြစ်ရပြန်၏။ အားထုတ်ဆဲအချိန် ဆင်းရဲပင်ပန်းခြင်းများ ဖြစ်ရသော်လည်း ဆင်းရဲဒုက္ခ၏အခြားမဲ့တွင် ချမ်းသာမှုကား အမှန်တကယ် တည်ရှိနေပါ၏။ ဤစာအုပ်ကို စာရေးသူ သီရိလင်္ကာမှာ ရှိစဉ်က ရေးခဲ့ခြင်းဖြစ်၏။ “အစိန္တိတမ္ပိ ဘ၀တိ၊ စိန္တိတမ္ပိ န ဘ၀တိ” မကြံစည်ဘဲနှင့်လည်း ဖြစ်တတ်၏။ ကြံစည်သော်လည်း မဖြစ်လာတတ် ဟူသော ဘုရားစကားတော်မှာ စာရေးသူအတွက် အတော်မှန်လှ၏။ စာရေးသူမှာ သီရိလင်္ကာနိုင်ငံကို စာသင်ရန်အတွက်ဟူသော ရည်ရွယ်ချက်ဖြင့် ထွက်ခွါလာခဲ့ခြင်း ဖြစ်၏။ ၀ိပဿနာတရားအားထုတ်ဖို့ စိတ်ကူးမျှပင် မထားရှိခဲ့။ သို့ရာတွင် ကြံစည်မထားသော အရာများဖြစ်ချင်တော့ ၂-လတာ တရားအားထုတ်ဖို့ရန် အကြောင်းဖန်လာခဲ့၏။ ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ဒေါက်တာဘွဲ့ရယူပြီး စာရေးသူစာသင်နေသော သီရိလင်္ကာနိုင်ငံသို့ ဘုန်းကြီးတစ်ပါး ကြွလာ၏။ ဒေါက်တာအရှင်ဇနိတ ဖြစ်ပါ၏။ တိုက်ဆိုင်ချင်တော့ ဘုန်းကြီး တည်းခိုမည့်နေရာမှာ စာရေးသူနေသော နေရာနှင့် တစ်ကျောင်းတည်းဖြစ်နေ၏။ သို့ဖြင့် စာရေးသူနှင့်ဘုန်းကြီးတို့မှာ အသိမိတ်ဆွေများ ဖြစ်ခဲ့ကြ၏။ ဘုန်းကြီးဦးဇနိတသည် နှစ်ရှည်လများ တရားအားထုတ်ခဲ့သူပီပီ အနေအထိုင်၊ အပြောအဆို၊ စိတ်နေသဘောထားများမှာ စာရေးသူအတွက် ခင်မင်စရာ၊ ကြည်ညိုစရာ ဖြစ်ခဲ့၏။ ဤသည်ပင်လျှင် စာရေးသူဘ၀မှာ မထင်မှတ်တာများဖြစ်ဖို့ အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူမှာ စွဲနေသော အယူအဆတစ်ခု ရှိသည်။ ထိုအရာမှာ “ဘယ်အရာကိုမှ လွယ်လွယ် လက်မခံချင်တာနဲ့ လက်ခံပြီးရင်လဲ လွယ်လွယ်နဲ့ဆုံးရှုံးသွားမှာ ကြောက်တတ်ခြင်း”ပင်ဖြစ်၏။ စာရေးသူသည် ငယ်ငယ်ကတည်းက စာစုံဖတ်ခဲ့၏။ အရှေ့တိုင်း၊ အနောက်တိုင်း အတွေးအခေါ်များကအစ အားကစားဂျာနယ်များအဆုံး အားလုံးကို ဖတ်ရှုလေ့ရှိပါသည်။ စာစုံသည့်အတွက် အတွေးကလည်း စုံလှသည်။ အတွေးအခေါ်အယူအဆနှင့်ပတ်သတ်၍ လက်တွေ့မကျလျှင် လက်မခံချင်တော့၊ လက်တွေပြလို့ မရလျှင် မယုံချင်တော့။ ဗုဒ္ဓစာပေနှင့်ပတ်သတ်၍လည်း ပိဋကတ်သုံးပုံကို အတော်များများ ဖတ်ရှုဖူးသော်လည်း လက်တွေ့ပြ၍မရသော ဟောကြားချက်များကို ဖတ်ရှုရသောအခါ စာရေးသူ၏ စိတ်တွင် ယုံသည်လည်း မဟုတ်၊ မယုံသည်လည်း မဟုတ်။ ခပ်ပေါ့ပေါ့ သဘောထားလိုက်သည်သာ များလေ၏။ အမှန်ကို ၀န်ခံရလျှင် မယုံသည့်ဘက်က ပိုများပါသည်။ နတ်ပြည်၊ ငရဲပြည်များအကြောင်း ပြောသံကြားလျှင် ကြိတ်ပြီး ရယ်ချင်နေတတ်ပါသည်။ (သို့သော် ဗုဒ္ဓတရားတော်များ၊ ဗုဒ္ဓအတွေးအခေါ်နှင့် လမ်းညွှန်မှုများ၏ သာလွန်မြင့်မြတ်မှုကိုတော့ အပြည့်အ၀ ယုံကြည်ရင်းစွဲရှိပါသည်။) စာရေးသူ၏ ယုံကြည်မှု သဒ္ဓါတရားဆိုင်ရာများ ဤအခြေအနေဖြစ်နေချိန်တွင် ဘုန်းကြီးဦးဇနိတ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဘုန်းကြီး ဦးဇနိတကား သူရခဲ့သော သူ တွေ့ကြုံခဲ့ရသော တရားအတွေ့အကြုံများကို ပြောပြ၏။ မျှဝေ၏။ ဘုန်းကြီး အားထုတ်ခဲ့သော အတွေ့အကြုံများထဲမှာ ပဟေဠိအဖြစ်ဆုံးသော အချက်မှာ နတ်တွေနဲ့စကားပြောရတယ်ဟု ဆိုခြင်းပင် ဖြစ်၏။ ထွက်လေ၊ ၀င်လေ အာနာပါနလုပ်ရင်း နိမိတ်အလင်းတွေနှင့် တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီကို ဖူးခဲ့ရသည်ဟု ဆိုသည်။ ဗြဟ္မာ့ပြည်က ဒုဿစေတီကိုလည်း ဖူးခဲ့ရသည်ဟု ဆိုသည်။ စာရေးသူ စာတွေဖတ်နေသော်လည်း ဤအဆင့်မျှနှင့် ဤမျှလောက် အခြေအနေရောက်သည်ဟု မကြားဖူးခဲ့။ အမှန်အားဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်တက်ဖို့ရန်မှာ စာရေးသူ၏ စာပေအသိဉာဏ်အားဖြင့် အဘိဉာဏ်စသည် ရပြီးမှာ တက်နိုင်သည်။ အချင်းချင်းလည်း ပြောဖြစ်ကြသည်။ “ဘုန်းကြီး အားထုတ်ခဲ့တယ်ဆိုတာတော့ လက်ခံပါတယ်။ အဲဒီလောက်ကြီးအထိတော့ ဟုတ်ဖူးထင်ပါရဲ့။ ချဲ့ကားလွန်းနေပြီ ထင်ပါတယ်”။ အများအားဖြင့် ဤသို့သာ ကောက်ချက်ချခဲ့ကြသည်။ စာရေးသူကား “ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး”ဟူ၍သာ ကောက်ချက်ချမိသည်။ သို့ရာတွင် ဘုန်းကြီး ဦးဇနိတသည်ကား စာရေးသူကို မသိမသာ လှုပ်နှိုးနေသည်ဟု ခံစားနေမိသည်။ နောက်ပိုင်း ဘုန်းကြီးနှင့်စကားပြောဖြစ်ကြသည်။ ၀ိပဿနာတရားအားထုတ်ရာမှာ နည်းမျိုးစုံဖြင့် စမ်းသပ်အားထုတ်ခဲ့ကြောင်း၊ နောက်ဆုံး ကန္နီနည်းကျမှသာ ကျေနပ်သောအတိုင်းအတာ ရခဲ့ပုံများကို ပြောပြသည်။ စာရေးသူ ဤနည်းကို လေ့လာကြည့်တော့ ထူးဆန်းမှုများ ပါနေသည်။ စာပေပရိယတ်နယ်ပယ်တွင် အသိနည်းသော လုပ်ရိုးလုပ်စဉ်တွေ ပါနေသည်။ ဥပမာအားဖြင့် ရှေ့မှာ ဆိုခဲ့သကဲ့သို့ တရားထိုင်ရင်း ဘုရားစုံ ဖူးခိုင်းခြင်း၊ လူ့ပြည်ဘုရားများသာမက ဗြဟ္မာ့ပြည်က ဒုဿစေတီ၊ တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီ၊ နဂါးပြည်က စွယ်တော်တို့ပါ ပါဝင်နေ၏။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြားဖူး၊ “ဟုတ်မှ ဟုတ်ရဲ့လား”ဟူ၍ပင် သံသယ၀င်ခဲ့၏။ တစ်ဖန် အာနာပါနအားထုတ်ရာမှာ အလင်းနိမိတ်တွေကို အပို့အယူလုပ်သတဲ့။ အဆိုပါ အလင်းနိမိတ်တွေနဲ့ ခန္ဓာကိုယ်ကို ပါးဖောက်၊ နားဖောက်၊ လှီးစား၊ ဖြတ်စား…မျိုးစုံ လုပ်ရသတဲ့။ “ဘုရားဟောမှ ဟုတ်ပါလေစ”ဟူ၍ပင် အတွေးဝင်မိပါသည်။ တစ်ပြိုင်နက်တည်းမှာ ဖြစ်ပေါ်လာတဲ့ခံစားမှုက လက်တွေ့အားထုတ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါ၏။ စာဖတ်သူတို့အနေဖြင့်လည်း ဤမျှနှင့်ပင် အားထုတ်ချင်စိတ်များ တဖွားဖွား ဖြစ်နေလိမ့်မည်ဟု ယုံကြည်မိပါ၏။ တစ်ဖန် သုဇနပါရဂူကျမ်းကို ဖတ်ရှုရသောအခါ စာအုပ်နိဒါန်းတွင် စာရေးသူကို အားတက်စေသော အချက်များကို အမှတ်မထင်တွေ့ရသည်။ ထိုအချက်များအနက်မှ ပို၍အားတက်စေသောအချက်မှာ စာရေးသူတို့ ပရိယတ်နယ်ပယ်တွင် ထင်ရှားကျော်ကြားသော မန္တလေး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး-ဆရာတော် ဦးကြည်၊ ဘုရားကြီးတိုက်ဆရာတော် ဦးခန္တီ၊ ဆရာတော်ဦးဉေယျ၊ ညောင်ကန်တိုက် ဆရာတော်ဘုရားကြီး၊ ပခုက္ကူမဟာဝိသုတာရာမတိုက် ပဌမနာယကဆရာတော်ဘုရားကြီး ဦးပညာ၊ မေဃ၀န်တိုက် ရွှေလောင်းဆရာတော်- ဆရာတော်ဦးစန္ဒ၊ ဤဆရာတော်ဘုရားများက ကမ္မဋ္ဌာန်းတရားကို နှစ်နှစ်သက်သက်လိုလား၍ အားထုတ်ချင်လျှင် အခြေခံကောင်းကောင်းနှင့် အစအဆုံးတိုင်အောင် နည်းနိဿယပေးတတ်ပြတတ်သော ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားထံ သွားရောက်၍ အားထုတ်ကြဟု အမိန့်ရှိကြကြောင်း တွေ့ရခြင်းပင် ဖြစ်ပါ၏။ အထက်တွင် ဖော်ပြခဲ့သောဆရာတော်ကြီးများမှာ ပရိယတ်နယ်တွင် ယနေ့အချိန်အထိ ထင်ရှားစွာ ပါဝင်နေရသော ဆရာတော်ကြီးများ ဖြစ်၏။ ဤနည်း အဘယ်က ဆင်းသက်သနည်းဟု ဆိုလျှင် အခြားမဟုတ်၊ မဟာသတိပဋ္ဌာနသုတ်နှင့် အဋ္ဌကထာ၊ ဋီကာများက လာသည်ဟု ဆိုရပါမည်။ အထူးသဖြင့် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာလာ နည်းများပင် ဖြစ်၏။ အချို့က လက်တွေ့အားဖြင့် အားထုတ်မှုမရှိသော်လည်း ပါဠိတော်များမှလာသော ဘုရားဟောမဟုတ်လျှင် လက်မခံလိုကြ၊ သို့ရာတွင် တကယ်အားထုတ်လျှင် တကယ်အကျိုးကျေးဇူးကြီးမားမည်ကား သေချာပြောနိုင်ပါသည်။ အချို့မှာ စာပေကိုချည်း လေ့လာအားထုတ်၏။ ထိုစာပေအသိဖြင့် လိုက်လံအကဲဖြတ်၏။ ဝေဖန်၏။ ပရိယတ္တိပေတံဖြင့် တိုင်းတာခြင်းသည် အပြစ်မဟုတ်ပါ၊ သို့သော် မိမိကိုယ်တိုင် လက်တွေ့အားမထုတ်ဖူးဘဲ ဝေဖန်တိုင်းထွာလျှင်ကား ကိုယ့်ငရဲကိုယ်ရှာသည်နှင့် တူရှာပေလိမ့်မည်။ သတိထားသင့်ပါ၏။ သတိမြဲအောင် အားထုတ်ခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း တစ်ကြောင်းတည်းသော လမ်းဖြစ်၏။ သတိတွင် သမ္မာသတိဖြစ်ဖို့သာ ပဓာနကျ၏။ မိစ္ဆာသတိမဖြစ်ဖို့သာ အရေးကြီး၏။ သမ္မာသမာဓိဖြစ်လျှင် စိတ်တည်ကြည်မှု သမာဓိရနိုင်၏။ “သမာဓိတော ယထာဘူတံ ပဇာနာတိ”ဟု ဟောတော်မူသည့်အတိုင်း တည်ကြည်မှုသမာဓိရလျှင် ဟုတ်မှန်သည့်အတိုင်း သိမြင်နိုင်၏။ ဉာဏ်အမြင် ရနိုင်၏။ သမာဓိတွင် သမ္မာသမာဓိဖြစ်ဖို့သာ ပဓာနကျ၏။ မိစ္ဆာသမာဓိမဖြစ်ဖို့သာ အရေးကြီး၏။ ကန္နီနည်းက အားထုတ်သူကို အချိန်တိုအတွင်း သတိမြဲအောင်၊ သမာဓိတည်အောင် နည်းမျိုးစုံသုံး၍ လေ့ကျင့်အားထုတ်ခိုင်းသည်။ ကမ္မဋ္ဌာန်းဆရာ ညွှန်ပြသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် အလွန်မြန်သော အချိန်အတောအတွင်းမှာ အတော်ခိုင်မာသော သမာဓိကို ရနိုင်ပေလိမ့်မည်။ သမာဓိအားကောင်းသည့်အလျောက် မိမိကလည်း ဆန္ဒရှိလျှင် လူ့ပြည်၊ နတ်ပြည်ဘုရားများကို ဖူးနိုင်စွမ်း ရှိနိုင်ပေလိမ့်မည်။ ၀ိပဿနာ မည်ကဲ့သို့ ရှုရမလဲ။ ရှုနည်းကို ရေးပြပြောပြပါဆိုလျှင် အလွန်လွယ်ပါသည်။ အမှန်တကယ် အားထုတ်ဖို့နှင့် ပြည့်ပြည့်စုံစုံ နားလည်ထားဖို့ဆိုလျှင်ကား မလွယ်ကူ၊ အလွန်ခက်လှသည်။ လောကကြီးတွင် အပြောလွယ်သလောက် အလုပ်ခက်သည့်အရာများ ရှိသည်။ ထိုအရာများထဲတွင် ၀ိပဿနာအလုပ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါ၏။ ကမ္ဘာ့မည်သည့်နိုင်ငံနှင့်ယှဉ်ယှဉ် မြန်မာနိုင်ငံ၏ ၀ိပဿနာအားထုတ်မှုအဆင့်အတန်းမှာ အထက်တန်းမှာ ရှိနေသည်မှာ မည်သူမျှ ငြင်းမရ၊ ထင်ရှားလှသည်။ သီရိလင်္ကာနိုင်ငံသားများသည် ပညာရေးစနစ် ကောင်းမွန်မှုကြောင့် ဗုဒ္ဓမြတ်စွာသာသနာကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်ကြ၏။ ဗုဒ္ဓမြတ်စွာသာသနာကို ကြည်ညိုမှု၊ ရိုသေကိုင်းရှိုင်းမှုအပိုင်းတွင် မည်သည့်နိုင်ငံသားကမျှ သီရိလင်္ကာနိုင်ငံသားများကို လိုက်မီလိမ့်မည် မဟုတ်။ ကိုယ်ကျင့်တရားနှင့်ယဉ်ကျေးမှုကို ဗုဒ္ဓတရားတော်နှင့်အညီ တည်ဆောက်ထားကြ၏။ ဗုဒ္ဓတရားတော်နှင့်အညီ လှပအေးချမ်းသော နိုင်ငံလေးဖြစ်သည်ဟု ယူဆမိ၏။ ဗုဒ္ဓဘာသာကို သိမြင်နားလည်မှုအပိုင်းတွင် (စာရေးသူ၏ သတ်မှတ်ချက် စံအရ) သီရိလင်္ကာနိုင်ငံက အခြားနိုင်ငံများ အားလုံးထက် သာလွန်နေသော်လည်း ၀မ်းနည်းစရာကောင်းသည်မှာ ဤနိုင်ငံ၌ ၀ိပဿနာတရားအားထုတ်သူ အလွန်းနည်းပါးနေခြင်းပင် ဖြစ်ပါ၏။ ဤအချက်ကို သီရိလင်္ကာနိုင်ငံ အကြီးအကဲများကလည်း သဘောပေါက်လာကြဟန်ရှိပါ၏။ စာရေးသူတို့ စိတ္တလပဗ္ဗတမှာ တရားအားထုတ်ကြစဉ်အတွင်း တရားအတွေ့အကြုံများကို ဥပါသကာကြီး ဆမာရသင်္ဂနှင့် ပြောဖြစ်ကြ၏။ အချိန်တိုအတွင်း တရားအဆင့်များ တိုးတက်နေပုံကို တွေ့ရသောအခါ သူ့အနေဖြင့် အတော်စိတ်ဝင်စားမိသည်ဟု ဆိုသည်။ တစ်ဆက်တည်းမှာပင် စာရေးသူတို့ အားထုတ်နေသော ကန္နီနည်းစနစ်မှာ သီရိလင်္ကာနိုင်ငံ၏ မြေထူးမြေမြတ် ဤစိတ္တလပဗ္ဗတမှာ အစပျိုးခဲ့သည်ဟု ပြောပြလိုက်သောအခါ သူ့စိတ်ဝင်စားမှုမှာ အတိုင်းထက်အလွန်ဖြစ်ခဲ့ရ၏။ သူသည် ၀ိပဿနာတရားအားထုတ်မှုကို အလွန်စိတ်ဝင်စားသူဖြစ်၏။ သူ့အမိနိုင်ငံ၏ အားနည်းနေသော ၀ိပဿနာတရားအားထုတ်မှုပိုင်းကို မြှင့်တင်လိုသူဖြစ်၏။ နောက်ပိုင်း စိသုပါဥ၀ရာဇမဟာဝိဟာရဆရာတော်နှင့် စာရေးသူတို့၏ ကမ္မဋ္ဌာန်းနည်းပြဆရာတော် ဘုန်းကြီးဦးဇနိတတို့ ကန္နီနည်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောဆိုဖြစ်ကြ၏။ ဆွေးနွေးပြောဆိုမှုတို့၏ ရလာဒ်အနေဖြင့် သူတို့က ဘုန်းကြီးဦးဇနိတကို ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်ပြုစု ပေးပါရန် တိုက်တွန်းကြ၏။ ဘုန်းကြီးဦးဇနိတကလည်း စာအုပ်ပြုစုရန် ၀န်ခံကတိပေးခဲ့ရသည်။ ဥပါသကာကြီးကလည်း မထွက်ပေါ်လာသေးသော ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်ကို သူ့မိခင်ဘာသာစကားဖြင့် ဘာသာပြန်ရန် စိတ်ကူးယဉ်လျှက်ရှိ၏။ စာရေးသားရာ၌ ၀ါသနာထုံသည်ကတစ်ကြောင်း၊ အစကတည်းက ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ်ရေးသားခြင်းဖြင့် ကျေးဇူးတုန့်ဆပ်လိုသောစိတ်ဖြစ်နေသည်ကတစ်ကြောင်းကြောင့် ဘုန်းကြီး ဦးဇနိတက စာရေးသူအား ဤစာအုပ်ကို ရေးသားရန် တာဝန်ပေးခဲ့၏။ စာရေးသူကလည်း ၀မ်းမြောက်ဝမ်းသာဖြင့် “မိမိတတ်နိုင်သရွေ့ ကြိုးစား၍ ကျေးဇူးတုံ့ဆပ်သောအားဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း” ၀န်ခံကတိပေးခဲ့ပါသည်။ ဤသို့ဖြင့် ဘုန်းကြီးဦးဇနိတနှင့် အားထုတ်ဖော် နောင်တော်ကြီးများ၏ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်လေး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ အရှင်ကုသလသာမိ (ပျော်ဘွယ်) Last Updated (Monday, 25 July 2011 09:23) |
- စိတ္တလပဗ္ဗတသမိုင်း အပိုင်းအစ
- ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ (၇)
- ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ (၆)
- ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ (၅)
- ပဋိစ္စသမုပ္ပါဒ်နှင့် ၀ိပဿနာ (၄)
- ပဋိစ္စသမုပ္ပါဒ်နှင့် ဝိပဿနာ (၃)
- ပဋိစ္စသမုပ္ပါဒ်နှင့် ဝိပဿနာ (၂)
- ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း
- ပဋိစ္စသမုပ္ပါဒ်နှင့် ဝိပဿနာ
- မဂ်မသိလျှင် ဖိုလ်နှင့်မေးနှင့် ကျမ်းပြီးနိဂုံး












